Breaking

Wednesday, September 11, 2019

အိမ်ဆောက်နေရင် အုတ်ခဲတွေ မပေးလိုက်ပါနဲ့

အိမ်ဆောက်နေရင် အုတ်ခဲတွေ မပေးလိုက်ပါနဲ့

ကျွန်တော့်ကားပျက်သွားလို့ ကားပြင်ဖို့ ဝပ်ရှော့ကို ပို့ထားလိုက်ရတယ်။ ဒါကြောင့် မြို့ပတ်ရထားစီးပြီး အလုပ်သွားဖို့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘူတာရုံကို လမ်းလျှောက်သွားလိုက်တယ်။

ဘူတာရောက်တော့ ရထားလာဖို့ စောင့်နေတုန်း ဘူတာရုံပလက်ဖေါင်းပေါ်မှာ ခွက်လေးတစ်လုံး ရှေ့ချပြီး ငုတ်တုပ်လေး ထိုင်နေတဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်ကို သတိထားမိလိုက်တယ်။ သူဟာ အဝတ်အစား နွမ်းနွမ်းပါးပါးကို ဝတ်ထားတယ်။ သူ့မျက်နှာမှာ ထမင်းအလွန်ဆာနေပုံ ပေါ်နေတယ်။ ဒါပေမဲ့ သူ့ရုပ်ရည်ဟာ သန့်ပြန့်လို့ သူတောင်းစားတစ်ယောက် မဟုတ်လောက်ဘူးလို့ ကျွန်တော်တွက်မိတယ်။

ကျွန်တော်လည်း သူ့ကို သနားတာနဲ့ ဘူတာရုံဘေးက ထမင်းတစ်ထုတ်ဝယ်ပြီး သူ့ဆီ သွားပေးလိုက်တယ်။ ဒီအချိန်မှာ ရထားဝင်လာလို့ သူ့ကို စကားမပြောနိုင်ဘဲ လက်ထဲက ထမင်းထုတ်ကို ပေးပြီး ရထားပေါ် အမြန်တက်လိုက်တယ်။ ကျွန်တော် လှမ်းကြည့်လိုက်တော့ သူဟာ ကျွန်တော့်ကို အလွန်ကျေးဇူးတင်တဲ့ မျက်နှာနဲ့ လှမ်းကြည့်နေတာကို မြင်လိုက်ရတယ်။ ကျွန်တော် သူ့အကြောင်းကို စဉ်းစားရင်း ညက တော်တော်နဲ့ အိပ်မရဘူး။ ဒီလူဟာ သူတောင်းစား မဟုတ်နိုင်ဘူး။ သူ့ရုပ်ရည်ကြည့်ရတာ အရင်က ချမ်းသာခဲ့တဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်၊ သူ အခု ဘာကြောင့် တောင်းစားနေရတာလဲဆိုတာကို သိချင်နေတယ်။

နောက်နေ့မှာ ကျွန်တော်ဟာ ပုံမှန်အလုပ်သွားချိန်ထက်စောပြီး အိမ်က ထွက်ခဲ့တယ်။ အရင်နေ့က တွေ့ခဲ့တဲ့ အဲဒီလူကြီးနဲ့ စကားပြောချင်လို့ပါ။ သူ့ကို အရင်နေရာမှာပဲ ခွက်တစ်လုံးရှေ့ချပြီး ထိုင်နေတာကို တွေ့ရပြန်တယ်။ ကျွန်တော် အရင်ရက်ကလိုပဲ ထမင်းတစ်ထုတ် အမြန်ဝယ်ပြီး သူ့ဆီသွားလိုက်တယ်။ သူ့ကို ထမင်းထုတ်ပေးရင်း ကျွန်တော်သိချင်တာကို မေးမြန်းကြည့်လိုက်တယ်။

“ဦးလေးကို ကြည့်ရတာ အရင်က ချမ်းသာခဲ့တဲ့ လူတစ်ယောက်ဖြစ်ခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါ မှန်ရဲ့လား ခင်ဗျ”

“မှန်ပါတယ်ကွယ်”

“ဟင် ဒါဆို အခု ဘာဖြစ်လို့ ဆင်းရဲသွားရတာလဲဗျ။ ဦးလေးဟာ ရှိတဲ့ ပစ္စည်းတွေကို လောင်းကစားလုပ်ပြီး ကုန်သွားလို့လား၊ စီးပွားရေးလုပ်တာ ရှုံးသွားလို့လား။ သားသမီးတွေ နှိပ်စက်လိုက်လို့လား”

“မင်း ပြောတာတွေ တစ်ခုမှ မဟုတ်ပါဘူးကွယ်”

“ဒါဆို ဦးလေး ဘာဖြစ်လို့ ဒီဘဝရောက်နေခဲ့ရတာလဲဗျ”

“ငါ လူတွေကို စိတ်ချမ်းသာစေချင်လို့ ဒီဘဝရောက်လာရတာပါ”

“ဗျာ၊ လူတွေကို စိတ်ချမ်းသာစေချင်လို့ ဒီဘဝရောက်လာရတယ် ဟုတ်လား။ ကျွန်တော် နားမလည်လို့ ရှင်းပြပေးပါလား”

လူကြီးက ဆွေးမြေ့တဲ့ လေသံနဲ့ ခုလို ရှင်းပြပါတယ်။

“ငါဟာ အရင်က အတော်လေး ချမ်းသာခဲ့တယ်။ အိမ်ထောင်မရှိ လူပျိုကြီးတစ်ယောက်ပါ။ ငါ့မှာ ကောင်းတဲ့ အကျင့်လို့ ပြောရမလား၊ မကောင်းတဲ့ အကျင့်လို့ ပြောရမလား မသိဘူး။ ငါဟာ ငွေကြေးအခက်အခဲဖြစ်နေတဲ့ လူတွေ ငါ့ဆီလာပြီး အကူအညီတောင်းရင် ငါ ဘယ်တော့မှ မငြင်းဘူး။ သူတို့လိုသလောက် ပိုက်ဆံတွေ ပေးပြီး ကူညီတယ်။ ငါဟာ အမြဲကူညီတတ်တယ်ဆိုတာ ကြားတော့ အကူအညီတောင်းသူတွေလည်း အတော်များလာတယ်။ ငါ ပိုက်ဆံပေးလိုက်လို့ သူတို့ပျော်သွားတာကို မြင်ရင် ငါလည်း စိတ်ချမ်းသာတယ်။ ဒါပေမဲ့ ငါ့ပိုက်ဆံတွေကလည်း အပေးပဲရှိပြီး အရမရှိတော့ နောက်ဆုံး ကုန်သွားတာပေါ့ကွာ။ ငါလည်း ပိုက်ဆံမရှိတော့ ရှိတဲ့ ပစ္စည်းတွေနဲ့ အိမ်ကို ရောင်းပြီး စားသောက်ရတယ်။ နောက်ဆုံး စားစရာမရှိတော့ ခုလို လမ်းဘေးရောက်လာတာပေါ့ကွာ”

“ဦးလေး၊ ခုလို ဖြစ်တဲ့အတွက် နောင်တမရဘူးလား”

“မရပါဘူး။ ဒါပေမဲ့ စိတ်မကောင်းဖြစ်မိတာ တစ်ခုရှိတယ်”

“ဘာကို စိတ်မကောင်း ဖြစ်တာလဲ ဦးလေး”

“အေးကွာ၊ ငါ လူတွေကို သနားလို့ ငါ့ကိုယ်မှာ ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပြီး ပေးလိုက်တယ်။ ငါ လိုအပ်နေတဲ့ အချိန်မှာ အင်္ကျီလက်လေးတစ်ဖက်ကိုတောင် မပေးကြဘူးကွာ။ ငါ့အတွေ့အကြုံကနေ မင်းကို အကြံတစ်ခု ပေးမယ်ကွာ။ မင်း အိမ်တစ်လုံး ဆောက်ပြီး နေစရာမရှိသူတွေကို လာနေခိုင်းလိုက်ပါ။ ဒါပေမဲ့ မင်းအိမ်ဆောက်နေတုန်းမှာ အုတ်ခဲတွေ လာတောင်းရင် မပေးလိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မင်းမှာ အုတ်ခဲမရှိတော့လို့ အိမ်မဆောက်နိုင်ရင် မင်းမှာ နေစရာ မရှိဖြစ်သွားမယ်”

ကျွန်တော်လည်း ရထားဝင်လာလို့ ရထားပေါ် အမြန်ပြေးတက်လိုက်တယ်။ လူကြီးရဲ့ စကားကို နားထဲမှာ ကြားယောင်ရင်း ခုလို စဉ်းစားနေမိတယ်။

ဟုတ်ပါတယ်။ အကူအညီလိုအပ်နေသူတွေကို ကူညီတယ်ဆိုတာ အလွန်မွန်မြတ်တဲ့ အလုပ်ပါ။ ဒါပေမဲ့ ကူညီရင်း ကူညီရင်းနဲ့ မိမိကိုယ်တိုင်မွဲသွားရင်လည်း မဟုတ်သေးပါဘူး။ ဒါကြောင့် ကူညီရင်းနဲ့ မမွဲအောင် မိမိကိုယ်ကို ပြည့်စုံတဲ့ ကြီးပွားချမ်းသာသူတစ်ယောက် အရင် ဖြစ်အောင် လုပ်သင့်တယ်။ အခု ဘီလ်ဂိတ်၊ မာ့ခ်ဇူကာဘတ်တို့လို့ ကမ္ဘာမှာ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးတွေ ဖြစ်လာပြီး ဒေါ်လာ ဘီလျံနာပေါင်းများစွာကို လှူတန်းပေးနေသလိုပေါ့။ ဒီလိုမှ မဟုတ်ဘဲ ဝေသန္တရာမင်းကြီးလို ဆင်ဖြူတော်ပါမချန် စည်းစိမ်ပြုတ် လှူတန်းနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

အင်တာနက်မှာ ဖတ်ရတဲ့ A limit of your kindness ဆောင်းပါးလေးကို မှီငြမ်းရေးထားတာပါ။

credit-Source – ဗန်းမော်သိန်းဖေ (၂၁-၀၆-၂၀၁၉)

POPULAR POSTS

ads